သထုံ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကြေးသွန်းဘုရား၀င်းအတွင်း၌ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံပန်းချီရေးဆွဲနည်းနှင့် ဂီတသင်တန်းတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်ကာ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများအနေဖြင့် အခြေခံပန်းချီပညာရပ်အား နားလည်ပြီး ကြံဆရေးဆွဲနိုင်ခြင်းဖြင့် ထိုးထွင်းကြံဆနိုင်သည့် အလေ့အကျင့်ကောင်းကို ရရှိစေမည်ဖြစ်ကာ၎င်းတို့၏ ပညာရေး၊ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ဂီတပညာရပ်အားစိတ်ပါဝင်စားသည့် လူငယ်များအတွက် လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့် ဝါသနာပါရာကို သင်ယူလေ့လာကာ နွေရာသီကျောင်းပိတ်ရက်၌အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်သူတစ်ဦးက ပြောသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်ကာ နေ့စဉ် မွန်းလွဲ ၂နာရီခွဲမှ ၄ နာရီအထိ နှစ်ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၇၀)ဦးခန့် တက်ရောက်ကြလျက်ရှိကာ ပန်းချီပညာရှင် နည်းပြလေးဦးနှင့် ဂီတပညာရှင်တစ်ဦးတို့က အခြေခံပန်းချီစနစ်တကျရေးဆွဲနည်းနှင့် ဂီတပညာအခြေခံတို့ကိုအခမဲ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)