လွိုင်ကော် ဖေဖော်ဝါရီ ၁၅
၂၀၂၆ ခုနှစ်၊ (၇၉)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ ကန္ဒရဝတီ ဂေါက်ကွင်း၌ ကျင်းပရာ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ကန္ဒရဝတီ ဂေါက်ကလပ် နာယကတို့က Smoke ball ကို ရိုက်ပြီး ဖွင့်လှစ်ရာ ပြိုင်ပွဲဝင်ကစားသမား (၆၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက် ညနေပိုင်းက လွိုင်ကော်မြို့ ကန္ဒရဝတီဂေါက်ကလပ်၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါက်သီးရိုက် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားအကြီးတန်းနှင့် အငယ်တန်းပထမဆုရရှိသူများအားလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအားလည်းကောင်း ဆုတံဆိပ်နှင့် ဆုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် ယနေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ပူဇော်ခံဆရာကြီး/ ဆရာမကြီးများ၊ နည်းပြများ နှင့် ကျောင်းသား/ ကျောင်းသူများတက်ရောက်ကြသည်။
အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက “အာစရိယဂုဏောအနန္တော” သီချင်းဖြင့် အဖွင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာ၌ နိုင်ငံတော်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် ပညာရေးကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယနေ့ခေတ်တွင် ပညာ ဖြင့် လူမှုအသိုက်အဝန်းကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ မျိုးဆက်သစ် လူငယ်မောင်မယ်များအား ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များကို နှံ့စပ်ကျွမ်းကျင်စွာတတ်မြောက်ပြီး စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့် စာရိတ္တမြင့်မားသည့် လူတော်၊ လူကောင်းများ ဖြစ်လာအောင် ပျိုးထောင်ပေးရာတွင် မိဘနှင့် ဆရာသည် ပဓာနကျပါကြောင်း၊ လူသားတိုင်းတွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အသီးသီး ရှိကြပြီး ကျေးဇူးရှင် မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကို အစဉ်ထာဝရ သတိရလျက် ပူဇော်ကန်တော့ ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြတ်ဆရာပူဇော်ပွဲအတွက် ချီးမြှင့်ငွေများပေးအပ်ရာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ ဒေသကွပ်ကဲရေးမှူးက ပူဇော်ခံဆရာကြီး/ ဆရာမကြီးများအတွက် အလှူငွေများနှင့် ပြည်နယ်အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူးက ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ကိုယ်စားလှယ် များက အသီးသီး လက်ခံရယူခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် ပူဇော်ခံဆရာကြီး/ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများကို ရင်းရင်နှီးနှီး နှုတ်ဆက်ပြီး ပထမပိုင်း အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ ဒုတိယပိုင်း အခမ်းအနားကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)