ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ သင်ကြားပို့ချနေမှုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေး စခန်းသွင်းလေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေး

လွိုင်ကော် ဖေဖော်ဝါရီ ၁

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အခြေခံစာတတ်မြောက်ရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ၌ တိုင်းရင်းသားပြည်သူများ စာသင်ကြားနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါတမရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ၌ သင်ကြားမှု၊ သင်ယူမှုများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး နည်းပြများအနေဖြင့် စာသင်သားများ၏ဘဝများကို ပညာအလင်းရောင်ဖြင့် ထွန်းလင်းနိုင်အောင် စေတနာအပြည့်ဖြင့် သင်ကြားပေးရန်မှာကြားခဲ့ပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာမူလတန်းလွန်ကျောင်း နမ့်ဘော်ဝမ် (ခါး) ၌ အခြေခံစာတတ်မြောက်ရေး သင်ကြားမှု၊ သင်ယူမှုများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး စာသင်သားများအနေဖြင့် သင်တန်းအောင်မြင်ပြီးဆုံးပါက အခြေခံ မြန်မာစာ၊ သင်္ချာဘာသာ အရေး၊ အဖတ်၊ အတွက်များကို ကျွမ်းကျင်တတ်မြောက်လာမည်ဖြစ်၍ ဇွဲ၊ လုံ့လ၊ ဝိရီယတို့ဖြင့် ကြိုးစားသင်ယူကြရန် အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) လောဓမ္မသို့ ရောက်ရှိပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေး စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသားကျောင်းသူများ ကျန်းမာရေးအထူးဂရုပြုကြရန်နှင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များသို့ အရောက်ကြိုးစားကြရန်မှာကြားပြီး တိုင်းရင်းသားပြည်သူများ ကျောင်းပြင်ပပညာရေး အခြေခံစာတတ်မြောက်ရေး  သင်ကြားမှု၊ သင်ယူမှုများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ နည်းပြနှင့် သင်တန်းသား/သင်တန်းသူများကို အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စုရပ်ပေါင်း (၁၅)နေရာ၊ စာသင်ဝိုင်း (၁၈) ဝိုင်း၌ ဖေဖော်ဝါရီလ ၂ ရက်မှ မတ်လ ၁၃ ရက်အထိ ရက်ပေါင်း (၄၀) ကြာ၊ သင်ကြားချိန် နာရီပေါင်း (၁၂၀) ဖြင့် သင်တန်းသား/သင်တန်းသူ (၁၉၈) ဦးအား သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)