လားရှိုးမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲနှင့် ညစာစားပွဲ အခမ်းအနားကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲနှင့် ညစာစားပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက  လားရှိုးမြို့ ဂေါက်ကလပ်ဝင်းအတွင်း၌ ကျင်းပသည်။

ဦးစွာဆုပေးပွဲစင်မြင့်အား တာဝန်ရှိသူများနှင့် လားရှိုးဂေါက်ကလပ်ဥက္ကဋ္ဌ ဦးစိုင်းဟန်လှိုင်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များက ပြည်ထောင်စုနေ့အထိမ်းအမှတ် သီချင်း၊ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီပေးသော အသင်းအဖွဲ့များနှင့်လုပ်ငန်းရှင်များအား လားရှိုးဂေါက်ကလပ်ဥက္ကဋ္ဌက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက ကျိုင်းတုံမြို့ (၆၆)ကြိမ်မြောက် အမျိုးသမီးအကျောပေး အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုဖလားကြီးရရှိခဲ့သော လားရှိုးဂေါက်ကလပ်ကိုယ်စားပြု အမျိုးသမီးဂေါက်သီးရိုက်အသင်းအားလည်းကောင်း၊ လားရှိုးဂေါက်ကလပ်မှဝန်ထမ်း၊ ကယ်ဒီဂေါက်သီးရိုက်ပြိုင်ပွဲ၊ သက်ကြီးတန်းပြိုင်ပွဲ၊ အမျိုးသမီးတန်းပြိုင်ပွဲ၊ ကြေးတန်းပြိုင်ပွဲ၊ ငွေတန်းပြိုင်ပွဲနှင့် ရွှေတန်းပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသူများအား ထူးချွန်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)