ရပ်စောက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရပ်စောက် ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်က ဖတ်ကြားသည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ဗထူး)မှ ကျောင်းသူများက ကဗျာလွတ်အကဖြင့် ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့်လူရည်ချွန်ဆု၊ (၇၅)ကြိမ်မြောက် ၃၈ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဗဟိုအဆင့်ပြိုင်ပွဲ အထူးဆု၊ (၂၆) ကြိမ်မြောက် ရှမ်းပြည်နယ်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ပထမဆု၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရှမ်းပြည်နယ် Green and Clean ပထမဆု၊ ၂၀၂၅ ခုနှစ် ရပ်စောက်မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားရာတွင် စွမ်းစွမ်းတမံကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်လူမှုကယ်ဆယ်‌ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် ဂုဏ်ပြုဆုများ၊ ရပ်စောက်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးမှုရာခိုင်နှုန်းအများဆုံးရရှိသည့် ကျေးရွာအုပ်စုများအတွက် ဂုဏ်ပြုဆုများနှင့်အခြားဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆုရရှိသည့်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်