တနင်္သာရီမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ခေါင်မိုးလန်/ပြိုကျပျက်ဆီးမှုဖြစ်ပွား

တနင်္သာရီ ဩဂုတ် ၅

ယမန်နေ့ နံနက် ၃ နာရီအချိန်ခန့်က တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုအလိုက် အောက်ပါနေအိမ်များသည် ခေါင်မိုးလန်ခြင်း/ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့များက ကူညီထောက်ပံ့ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် တနင်္သာရီမြို့၏တောင်ဘက် ၆ မိုင်ခန့်အကွာ တမုတ်ချုံးကျေးရွာအုပ်စု တမုတ်ချုံးကျေးရွာရှိ အလျား (၄၀) ပေ၊ အကျယ် (၁၈) ပေ၊ အမြင့် (၁၈) ပေခန့်ရှိ အာစီ၊ ပျဉ်ထောင်၊ သွပ်မိုးနေအိမ်မှာ ခေါင်မိုးမှ သွပ် (၃၂) ချပ် လန်ထွက်ခဲ့၍ ခန့်မှန်းတန်ဖိုး (၄) သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ အရှေ့မော်တုံးကျေးရွာအုပ်စု -ကတဲလ်ပ်ကျေးရွာရှိ အလျား (၂၂) ပေ၊ အကျယ်(၁၅)ပေ၊ အမြင့် (၁၀) ပေခန့်ရှိ ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်း၊ သစ်လုံးတိုင်အိမ်မှာ ပြိုကျပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး (၁၈၀၀၀၀) ကျပ်ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အနောက်ဘက် ၃ မိုင်ခန့်အကွာ အရှေ့မော်တုံးကျေးရွာ အုပ်စု-ကော့မပြင်းကျေးရွာရှိ အလျား (၁၅) ပေ အကျယ် (၁၂) ပေ၊ အမြင့် (၁၀) ပေခန့်ရှိ ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်း၊ သစ်လုံးတိုင်နေအိမ်မှာ ပြိုကျပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ (၁၅၀၀၀၀) ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူ/တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရပါသည်။

အလားတူ တနင်္သာရီမြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ အရှေ့မော်တုံးကျေးရွာ အုပ်စု-ကော့မပြင်းကျေးရွာရှိ အလျား (၁၅) ပေ၊ အကျယ်(၁၄)ပေ၊ အမြင့် (၁၂)ပေခန့်ရှိ ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်း၊ သစ်လုံးတိုင်နေအိမ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး တန်ဖိုး (၁၇၀၀၀၀) ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အနောက်မြောက်ဘက် (၁၅) မိုင်အကွာ ဇဝဲကျေးရွာအုပ်စု-ဖါနီကျေးရွာရှိ အလျား (၂၀) ပေ၊ အကျယ် (၁၅) ပေ၊ အမြင့် (၁၀) ပေခန့်ရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်၊ သစ်လုံးတိုင်နေ အိမ်ပြိုကျပျက်စီးပြီး ခန့်မှန်းတန်ဖိုး (၁၅၀၀၀၀) ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်နှင့် လူ/တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိခဲ့ရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)