ကျောက်ပန်းတောင်းမြို့၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေး Talk  Show ကို ဖေဖေဝါရီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် ရည်ရွယ်ချက်များ၊ စားသုံးသူအမျိုးအစားနှင့်အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကို မေးမြန်းရာ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် စတင်ပြဌာန်းခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပိုမို ပြည့်စုံအောင် ပြန်လည်ပြင်ဆင်ခဲ့ကြောင်းမှ အစပြု၍ ဥပဒေ ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက် ၈ ရပ်နှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ အခွင့်အရေး ၈ ချက်တို့ကို အကျယ်တဝင့် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ စားသုံးသူ ကာကွယ်ရေး ဥပဒေဆိုင်ရာ အသိပညာပေး Talk Show ကို အများပြည်သူလေ့လာ သိရှိနိုင်စေရန်အတွက်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူမှုကွန်ရက်စာမျက်နှာများဖြစ်သော facebook စာမျက်နှာနှင့် Telegram Channel၊ MOI Website တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)