ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ဈေးရောင်းပွဲတော်ကျင်းပ

သထုံ ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၏ စုပေါင်းဈေးရောင်းပွဲတော်ကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြသည်။

ဈေးရောင်းပွဲတော်တွင် ဦးစွာကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်းနှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ကထိကဌာနမှူးများက ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတို့၏ အသင်းအလိုက် ဖွင့်လှစ်ရောင်းချသည့် စားသောက်ဆိုင်ခန်းများကို လိုက်လံကြည့်ရှုအားပေးပြီး ပွဲတော်အား ဖွင့်လှစ်ပေးခဲ့ကြရာ ကွန်ပျူတာတက္ကသိုလ်(သထုံ) ကျောင်းသား/ကျောင်းသူများက နှစ်သက်ရာဆိုင်ခန်းများ၌ ပျော်ရွှင်စွာ ဝယ်ယူကြသည်။

အဆိုပါဈေးရောင်းပွဲတော်ကို ကွန်ပျူတာတက္ကသိုလ်(သထုံ)ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးစည်းလုံးကြစေရန်ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ပြီး ပွဲတော်တွင် ဆရာ/ဆရာမများ၊ မွန်၊ ကရင်၊ ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပထမနှစ် ဒုတိယနှစ် တတိယနှစ် စတုတ္ထနှစ် ပဉ္စမနှစ်တို့မှ ကျောင်းသားကျောင်းသူအသင်းများ စုစုပေါင်း အသင်း(၁၀)သင်းတို့မှ အချိုရည်၊ ဘူးသီးကြော်၊ သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ မစ်ရှိတ် စသည့်စားသောက်ဖွယ်ရာမျိုးစုံတို့ကို ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)