ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာန၌ သဘာဝမြေဆွေးမြေဩဇာများ လက်တွေ့ပြုလုပ်

ကျောက်ဆည် ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာန၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးခွန်ဖိုး ကြီးကြပ်မှုဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် ပျိုးပင်များ ပျိုးထောင်ရန်အတွက် တောအုပ်ကြီး၊ တောအုပ်နှင့် ဌာနဝန်ထမ်းများ ပူးပေါင်း၍ သဘာဝမြေဆွေးမြေဩဇာများ လက်တွေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာဝမြေဆွေးပြုလုပ်ရာတွင် သစ်ရွက်အခြောက်များ၊ ဖွဲနု၊ အသင့်သုံး(EM)အရည်နှင့် လေလုံစေရန်အတွက် ဖုံးအုပ်ရန် ပလတ်စတစ်အပါးစများ အသုံးပြု၍ ပြုလုပ်ခဲ့ကြောင်း၊ မြေဆွေးစတင်ပြုလုပ်ပြီး (၁၄ရက်အကြာတွင် သဘာဝမြေဆွေးအဖြစ် ပြောင်းလဲသွားပြီး ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ပျိုးပင်များ စတင်ပျိုးထောင်သွားမည်ဖြစ်ကြောင်းနှင့် သဘာဝမြေဆွေးကို တိရစ္ဆာန်များ၏ အညစ်အကြေးများ၊ စွန့်ပစ်ဟင်းသီး/ဟင်းရွက် အစိမ်းများဖြင့်လည်း ပြုလုပ်နိုင်ကြောင်းလည်း သိရသည်။

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသတွင်းစိမ်းလန်းစိုပြည်ရေး၊ ပတ်ဝန်းကျင်သာယာလှပပြီး ပြည်သူများ ကျန်းမာပျော်ရွှင်စွာနှင့် အသက်ရှင်ရပ်တည်နေထိုင်သွားနိုင်ရေး၊ သစ်တော၊ သစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိစေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ဒေသအပူချိန်လျော့ချနိုင်စေရေး၊ ရာသီဥတုကောင်းမွန်စေပြီး အရိပ်အာဝါသနှင့် မျက်စိပဒါသအကျိုးကျေးဇူးများရရှိရေး၊ အနာဂတ်မျိုးဆက်သစ်များအတွက် ပတ်ဝန်းကျင် အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရေးတို့အတွက် နှစ်စဉ်ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိပြီး သစ်ပင်စိုက်ပွဲတော်များ ကျင်းပခြင်း၊ ကျေးရွာပြည်သူများ ဖြန့်ဝေခြင်း၊ ကျေးရွာသုံးစိုက်ခင်းများ စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)