တွံတေးမြို့နယ် အဂါတ္တန်းကျေးရွာ ပန်းဥယာဥ်ကျောင်းတိုက်၌ အခြေခံဗုဒ္ဓဘာသာသင်တန်းဆင်းပွဲကျင်းပ

တွံတေး ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ အဂါတ္တန်းကျေးရွာ ပန်းဥယျာဥ်ကျောင်းတိုက်တွင် ကျောင်းသား၊ ကျောင်းသူများ ယဥ်ကျေးလိမ္မာသော သားငယ်၊ သမီးငယ်များ ဗုဒ္ဓဘာသာအကြောင်း သိရှိစေရန်အတွက် အကြိုတရားပွဲနှင့် အခြေခံဗုဒ္ဓဘာသာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ နေလယ် ၁ နာရီမိနစ် ၃၀ အချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံဗုဒ္ဓဘာသာသင်တန်းကို ဓမ္မာလင်္ကာရပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန သြဝါဒစရိယဆရာတော် ဒေါက်တာဘဒ္ဒန္တ ရေဝတ (ရွှေကွမ်းသား) ၏ ကြီးကြပ်မှုဖြင့် ပန်းဥယျာဥ်ကျောင်းတိုက် "ဓမ္မစကူးလ်အပတ်စဥ်" ဗုဒ္ဓဘာသာသင်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဘဒ္ဒန္တကိတ္တိဗလကြီးမှူး၍ ဓမ္မစကူးလ် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေပြီး အခြေခံဗုဒ္ဓဘာသာဖြစ်သော (၃၈) ဖြာမင်္ဂလာပါဠိ၊ မြန်မာ၊ ကဗျာ မင်္ဂလာပရိယာယ်စကားလှယ်၊ ခုနှစ်နေ့ဗုဒ္ဓဝင်၊ ဗုဒ္ဓဝင်မှတ်စု၊ ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်ခန်းစာ၊ ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာဂုဏ်တော် ၉-ပါးဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်နှင့် ဆုတောင်း၊ အမျှဝေတို့ကို စာတွေ့ လက်တွေ့သင်ကြားပေးခဲ့ကြသည်။

ယင်းသင်တန်းသို့ Grade-1 မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၀) ဦး တက်ရောက်သင်ကြားကြပြီး သင်တန်းဆင်းပွဲတွင် ဓမ္မာလင်္ကာရပရိယတ္တိကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တရေဝတဆရာတော်၊ ပန်းဥယျာဥ်ကျောင်းတိုက်ဆရာတော်နှင့် တာဝန်ရှိသူတို့က ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခြေခံဗုဒ္ဓဘာသာသင်တန်းကို အပတ်စဥ်တနင်္ဂနွေနေ့တိုင်း (၈) လကြာ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

မျိုးလှိုင်