ကျောက်ဆည်တက္ကသိုလ်၌ (အဝေးသင်သင်တန်း) စတုတ္ထအကြိမ်‌မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၅ ပညာသင်နှစ်တွင် (အဝေးသင်သင်တန်း) စတုတ္ထအကြိမ်‌မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၈) ရက် နံနက် (၉) နာရီက အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမဆောင်အတွင်း၌ ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့‌ဝေနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဘွဲ့ရမောင်မယ်များ၊  မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မြန်မာ့ဆိုင်းဝိုင်းတူရိယာအဖွဲ့က “အမျိုးသားသီချင်း”ဖြင့် တီးမှုတ်၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့‌ဝေက ပညာရေးအဖွဲ့မှ ထောက်ခံချက်ပေးပြီးသော ဘွဲ့များကို အပ်နှင်းလိုက်သောအခါ နေ့စဉ်နေ့တိုင်း နေထိုင်ပြောဆိုမှုများ၌ တက္ကသိုလ်ကျောင်းထွက်များနှင့် သင့်လျော်ထိုက်တန်စွာ ပြုမူပြောဆိုခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် မွန်မြတ်သောပညာရှာမှီးမှုကို အခွင့်အရေးအစွမ်းသတ္တိရှိသမျှ ထိန်းသိမ်းဆောင်ရွက်ရန်၊ လူနှင့်လူအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းသတ္တိရှိသမျှ ဆောင်ရွက် ထိန်းသိမ်း စောင့်ရှောက်ပါမည်လောဆိုသည့် ဂတိများ မေးမြန်းရာ ဘွဲ့ရမောင်မယ်များက ဂတိသစ္စာပြုခဲ့ကြသည်။

ယင်းနောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လဲ့လဲ့ဝေက ၂၀၂၅ ပညာသင်နှစ် ( အဝေးသင်သင်တန်း)တွင် ‌ထူးချွန်စွာ‌ အောင်မြင်ခဲ့သော ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာသိပ္ပံဘွဲ့ ရရှိသူ (၅၁၃၆)ဦးနှင့် အဝေးရောက်ဘွဲ့ရရှိသူ အဝေးရောက်ဘွဲ့ယူသူ (၁၆၁)ဦးတို့အား ဘွဲ့များအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ်၌ (အဝေးသင်သင်တန်း) စတုတ္ထအကြိမ်‌မြောက်  ဘွဲ့နှင်းသဘင်အား အပိုင်း (၁၄) ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ၇-၂-၂၀၂၆ရက်နေ့တွင် အပိုင်း(၁)၊ (၂)အဖြစ် ကျင်းပခဲ့ကြောင်း၊ ၈-၂-၂၀၂၆ ရက်နေ့တွင် အပိုင်း(၃)၊(၄)အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)