ရန်ကုန် ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့်သိပ္ပံပွဲတော် (၂၀၂၆) ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်တက္ကသိုလ်၊ သုတေသနနှင့်ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ပြည်တွင်းပြည်ပစာတမ်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ချီးကြူးဂုဏ်ပြုအားပေးစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော်တို့က ပညာရှင်အဖွဲ့ဆု (Academy Award) ရရှိကြသူများအား လည်းကောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့အမှုဆောင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက အကောင်းဆုံးသုတေသနစာတမ်းဆု (Best Paper Awarad) ဆုတွင် ဘာသာရပ်အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဂုဏ်ပြုဆုရရှိခဲ့ကြသည့်သူများအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များက သိပ္ပံပွဲတော် အကောင်းဆုံး Logo ဆု၊ အကောင်းဆုံးပိုစတာဆုနှင့် အကောင်းဆုံးသိပ္ပံပြခန်းဆု ရရှိခဲ့ကြသူများအားလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နိုင်ငံခြားသား စာတမ်းရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)ကို ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပတက္ကသိုလ်အသီးသီးမှ သုတေသနပညာရှင်များက လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများရှိ ဘာသာရပ်(၃၃)မျိုးတွင် သုတေသနစာတမ်း(၃၁၂) စောင်နှင့် နိုင်ငံခြားစာတမ်း(၁၅)စောင်ကို ဖတ်ကြားတင်သွင်းခဲ့ကြသည်။ ရွေးချယ်ခံရသောပညာရှင်အဖွဲ့ဆုများ၊ အကောင်းဆုံးသုတေသနစာတမ်းဆုများနှင့် ဘာသာရပ်အလိုက် သုတေသနစာတမ်းဆုများကို စုစည်းတည်းဖြတ်၍ သုတေသနဂျာနယ်အဖြစ် ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် စျေးရောင်းပွဲတော်ကို ရန်ကုန်တက္ကသိုလ်တွင် တတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ကျောင်းပိတ်ရက်ဖြစ်သော်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများသာမက မိဘများနှင့် အခြားတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများပါ လာရောက်လည်ပတ်ကြပြီး၊ သိပ္ပံပွဲတော်ပြခန်းများကို ကြိတ်ကြိတ်တိုး လာရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)