ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရွှေရင်ကျော်ပန်းပျိုးလက်အဖွဲ့မှ ဂဏပါလစရိယစာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုကြသော စာမေးပွဲအောင်ဂိုဏ်းဝင်ဆရာ၊ ဆရာမများအား ဂဏပါလစရိယ ထူးချွန်ဂုဏ်ထူးဆောင်ဘွဲ့ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက် နံနက် ၉ နာရီက ငါးပိ၊ ငါးခြောက် စီမံကိန်းဇုန်(၂)၊ ရွှေရင်ကျော်ဗိမာန်တွင် ကျင်းပသည်။
အခမ်းအနားတွင် ဆရာကြီးဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေရင်ကျော် ပန်းပျိုးလက်အဖွဲ့မှ ရွှေရင်ကျော်ဂိုဏ်းတော်ဝင်များ ပညာဂုဏ်မြင့်မားစေရန်နှင့် စာရိတ္တတိုးတက်ကောင်းမွန်စေရန် ပညာရေးနှင့် စာရိတ္တမဏ္ဍိုင် ပန်းတိုင်အခြေတည်၍ ပြုလုပ်ကျင်းပအပ်သော ရွှေရင်ကျော်ပန်းပျိုးလက် ဂဏပါလစရိယ စာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုကြသော စာမေးပွဲအောင် ဂိုဏ်းဝင်ဆရာ၊ ဆရာမများအား ဂဏပါလစရိယ ထူးချွန်ဂုဏ်ထူးဆောင်နှင့် ဂုဏ်ထူးအောင်ဘွဲ့ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဖိတ်ကြားထားသော ဧည့်သည်တော်များအား ရွှေရင်ကျော် ပန်းပျိုးလက်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိန်းထွန်းက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပန်းပျိုးလက်နာယက ဆရာကြီး ဦးတင်မြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဆုရဆရာ၊ ဆရာမများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။
ဖြိုးစန္ဒာ (ဆိပ်ကမ်း)