မြစ်သား ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများသို့ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ် ၆ ရပ်ကွက်များဖြစ်သည့် မြို့မအနောက်ရပ်ကွက်၊ မြို့မအရှေ့ရပ်ကွက်၊ ရွှေသူဌေးရပ်ကွက်၊ ဘူတာရပ်ကွက်၊ မင်းကုန်းရပ်ကွက်နှင့်ရှမ်းပွဲရပ်ကွက်များသို့ မီးကြွင်း၊ မီးကျန်များငြှိမ်းသတ်ရန်၊ ဘုရားမီးပူဇော်ပါက စနစ်တကျပူဇော်ကြရန်၊ လူနေအိမ်များအတွင်း လောင်စာဆီများသိုလှောင်ခြင်း မပြုကြရန်၊ အမှိုက်မီးရှို့ပါက လူစောင့်ထားရှိကြရန်၊ ဟောင်းနွမ်းပျက်စီးနေသော လျှပ်စစ်မီးကြိုးနှင့်ပစ္စည်းများအသုံးမပြုရန်၊ အုတ်ကန်ရေကန်များ ရေဖြည့်ထည့်ထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ၊ မီးသတ် ဆေးဘူးများအသင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ် သတင်းပို့ကြရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါမီးဘေးကြိုတင်ကာကွယ်ရေး နှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၄ ဦးနှင့် မြစ်သားမြို့နယ် အရန် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးတို့က မီးသတ်ကားဖြင့်လှည့်လည်ကာ မီးဘေးကြိုတင်ကာ ကွယ်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)