မြစ်သား ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ လူငယ်လူရွယ်များ စဥ်းစားတွေးခေါ်နိုင်မှုနှင့်ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေရန်ရည်ရည်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ လုပ်ငန်းညှိနှိုင်အစည်းအဝေးပြုလုပ်ရခြင်း လုပ်ငန်းအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး Youth Club အသင်းစစ်တုရင် ပြိုင်ပွဲဆပ်ကော်မတီဥက္ကဋ္ဌ ဦးသန်းဝေဖြိုးနှင့်အဖွဲ့ဝင် ဦးတင့်လွင်ဦးတို့က မြစ်သားမြို့နယ်အတွင်းရှိ ပါဝင်ယှဉ်ပြိုင်မည့်စစ်တုရင်ဝါသနာရှင်လူငယ်များကို စစ်တုရင် ကစားနည်းသည် လူငယ်များ၏စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နည်းပြနှင့်ဒိုင်လူကြီး ဦးဇော်သိန်းနှင့် ဦးတင်ထွန်းအောင်တို့က အစည်းအဝေးသို့တက်ရောက်လာသူများကို ပြိုင်ပွဲ စည်းမျည်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်စစ်တုရင်ဝါသနာရှင် လူငယ်များကသိရှိလိုများကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ Youth Club အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စစ်တုရင်ပြိုင်ပွဲဆပ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့များနှင့် စစ်တုရင်ဝါသနာရှင်လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)