ကျောက်ဆည်မြို့နယ်၌ ကြက်သွန်နီစိုက်ခင်းများ တူးဖော်လျက်ရှိပြီး တစ်ပိဿာငွေ ၁၇၀၀ ကျပ်ဖြင့်ရောင်းချရ

ကျောက်ဆည် ဖေဖော်ဝါရီ ၈                                

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဆောင်းသီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်းကြီးကျေးရွာ၌ အချိန်စော၍ စိုက်ပျိုးထားသည့် ကြက်သွန်နီစိုက်ခင်းများ တူးဖော်လျက်ရှိပြီး တစ်ပိဿာ ငွေ ၁၇၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း ကြက်သွန်စိုက်တောင်သူ ဦးသန်းဇော်မှ ပြောပြသည်။

ကြက်သွန်နီသီးနှံသည် ကုန်ကျစရိတ်များပြီး တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့နှစ်ပြည် ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ပျိုးသက်နုချိန်တွင် ပြောင်းရွေ့စိုက်ပျိုးရပြီး ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ဘိုး ခြောက်သောင်းကျပ်၊ စိုက်ပျိုးမြေပြင် ပြုပြင်ခြင်းစရိတ် ၃ သိန်းငါးသောင်းကျပ်၊ ပြောင်းရွေ့စိုက်ပျိုးစရိတ် နှစ်သိန်းကျပ်၊ ပေါင်းနုတ်စရိတ် ငွေကျပ် ၁ သိန်းခြောက်သောင်း၊ မြေဆွ(ကောက်ဆွဲ)စရိတ် ငွေကျပ်တစ်သိန်း တစ်သောင်း၊ မြေဆီမြေဩဇာ ၇ သိန်း ရှစ်သောင်းကျပ်၊ အပင်အားတိုးဆေး၊ ပိုးနှင်ဆေး၊ ပိုးသတ်ဆေးစရိတ် ငွေကျပ် ငါးသိန်းမှ ရှစ်သိန်းကျော်ခန့်ကုန်ကျကြောင်း ကြက်သွန်နီစိုက် တောင်သူများပြောပြ၍ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီများကို တိုက်နယ် ၁၊ တိုက်နယ် ၂၊ တိုက်နယ် ၆၊ တိုက်နယ် ၁၀ တို့မှ ကျေးရွာအုပ်စုများ၌ ၂၂၇၅ ဧက စိုက်ပျိုးထားကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)