မူဆယ် ဖေဖော်ဝါရီ ၈
၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ ရွှေသမင်ကွင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ရှမ်းပြည်နယ်အလံတို့အား အလေးပြုခဲ့ကြပြီး၊ ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလောဝ်လိုင်းက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းကဖတ်ကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင်စည်သူ ဦးအောင်အောင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးမိုးဇော်က ဖတ်ကြားခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်နေ့ သမိုင်းကြောင်းအား ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် ဖတ်ကြားခဲ့ပြီး၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအတွက် မြေနေရာ လှူဒါန်းပေးသော အလှူရှင်နှင့် ဘက်စုံအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ချယ်ရီပင်အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းစိုက်ပျိုးပေးခဲ့သည်။
အခမ်းအနားအပြီးတွင် တိုင်းရင်းသား အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ အားကစားပြိုင်ပွဲများဖြင့် ပျော်ရွှင်စွာကျင်းပခဲကြောင်း သိရှိရပါသည်။
ချယ်ရီမြေ (မူဆယ်)