တာချီလိတ် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေးသုံက (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအားဖတ်ကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင်စည်သူ ဦးအောင်အောင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ထို့နောက် စာပေယဉ်ကျေးမှုဒုတိယဥက္ကဋ္ဌ ဦးစိုင်းရီစံခတ်က ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်း၊ အာခါ၊ လားဟူ၊ ပအိုဝ့်၊ ကရင်၊ ဝ၊ ရခိုင်၊ လီဆူ စသည့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် သဘင်အစည်းအရုံးအဖွဲ့ လူငယ်မောင်မယ်များက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဂုဏ်ပြုတင်ဆက်ခဲ့ကြသည်။
ယင်းနောက် တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခမ်းအနားဖြစ်မြောက်ရေးအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းအတွင်း ခင်းကျင်းပြသထားသည့် ရှမ်းသမိုင်းပြခန်းနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)