မိုင်းဖြတ် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ ပူးပေါင်းဆောင်ရွက်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို မြန်မာ့ဆက်သွယ်ရေးရုံး၌ ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရာများနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြန်မာ့ဆက်သွယ်ရေးရုံးအတွင်း စက်ခန်းများကို မီးဘေးလုံခြုံရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ မီးငြိမ်းသတ်ပုံသရုပ်ပြလေ့ကျင့်ကို ဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်သက် မီးသတ်ဆေးဗူးအသုံးပြုပုံများ၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ပုံအဆင့်ဆင့်ကို သရုပ်ပြသခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးတာဝန်ခံ ဦးအေးမင်းကြိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ပုံများကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး