မူဆယ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မူဆယ် ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မူဆယ်ခရိုင်/ မြို့နယ်စုပေါင်းရုံးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အမှာစကားပြောကြားခဲ့ပြီး၊ မူဆယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် မာရသွန်ပြိုင်ပွဲနှင့် အခြားအားကစားပွဲများ ဆောင်ရွက်မည့်ကိစ္စများကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား ဆောင်ရွက်မည့်နေရာနှင့် ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်ရန်နေရာ စီမံထားရှိမှုကို စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိက ရှင်းလင်းတင်ပြခဲ့သည်။ ဂုဏ်ပြညစာစားပွဲ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေနှင့် ဖျော်ဖြေရေးအဖွဲ့များ စီစဉ်ထားရှိမှုကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက Power Point ဖြင့် ရှင်းလင်းတင်ပြ ခဲ့သည်။

ယင်းနောက် တက်ရောက်လာသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ လိုအပ်ချက်များကို ဖြည့်စွက်တင်ပြကြပြီး၊ တင်ပြချက်များအပေါ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)