GAP စိုက်နည်းစနစ်ဖြင့် ဖရဲသီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

ဝန်းသို ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ တောင်သူများ လယ်သီးထပ် ဖရဲသီးနှံ  စိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (Good Agricultural Practices) စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးနိုင်ကြစေရန် အဆိုပါ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းပိုက  ဖရဲသီးနှံ စိုက်ပျိုးရာတွင် နိုင်ငံတော်မှခွင့်ပြုထားသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို သုံးစွဲကြရန် လိုကြောင်းနှင့် စားသုံးသူကာကွယ်ရေးအကြောင်းကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးတင့်ဆွေက အလုပ်သမားအသုံးပြုရာတွင် ဒေသခံများကိုအသုံးပြုသွားရန်၊ ဓာတ်မြေသြဇာပိုးသတ်ဆေးများကို ရောင်းချ ခွင့်လိုင်စင်ပြုလုပ်ထားသော ဈေးဆိုင်များမှသာ ဝယ်ယူသုံးစွဲရန်၊ စိုက်ပျိုးရာသီတစ်လျောက်တွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သီနှံအရည်အသွေးကောင်းမွန်ရေး၊ လုပ်သားများ ကျန်းမာရေး ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝသာယာဝပြောရေးတို့ကိုအစဉ်ရှေးရှု၍ GAP စိုက်စနစ်နှင့် အညီ စိုက်ပျိုးထုတ်လုပ်ကြရန်စသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်သီးနှံ ကာကွယ်ရေး တာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုးကျော်ဦးက ဖရဲသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားများအကြောင်းကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဖရဲစိုက်တောင်သူများက သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ရာ​ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

ဝန်းသိုမြို့နယ်တွင် ၂၀၂၁ခုနှစ် ဆောင်းသီးနှံစုစုပေါင်း ၂၄၂၀၇ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင် ရွက်လျက်ရှိရာ ဖရဲသီးနှံကို လက်ရှိစာရင်းအရ ကျေးရွာအုပ်စု ၁၀အုပ်စုတွင် လယ် ၄၁၇ ဧက စိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)