ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ နေကြာမျိုးစေ့ထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားနှင့် ပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

ပင်းတယ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က နေကြာမျိုးစေ့ထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ သပြေကုန်းမျိုးစေ့ခြံတာဝန်ခံက နေကြာမျိုးစေ့ထုတ်လုပ်ခြင်းဆောင်ရွက်ထားရှိမှုအ‌ခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ တောင်သူများ အားဆေးဖျန်းရာတွင် အကာအကွယ်ပေးသည့် PPE ဝတ်စုံများကို ထောက်ပံ့ပေးပြီး နေကြာမျိုးစေ့ထုတ်စိုက်ခင်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူလူထုတွေဆုံပွဲအခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးမှ သိမ်ကုန်းကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌမှ လမ်းညွန်မှာကြားသည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ သိမ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ၂၀၂၅ ခုနှစ်အတွင်း ရေကြီးမြေပြိုမှုဘေးဒဏ်သင့်နေအိမ်များအား ဆန်အိတ်များထောက်ပံ့ပေးခြင်း၊ အ.လ.က(သိမ်ကုန်း)၊ မူလွန်(အုံအက်)၊ အ.မ.က(ကြံခင်းမြောင်) စာသင်ကျောင်းများအတွက် MRTV DTH စလောင်းတစ်စုံစီနှင့် သိမ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ပိုးသတ်ဆေးအကာအကွယ် PPE ဝတ်စုံများနှင့် အလှူငွေများကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် သိမ်ကုန်းကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

ထိုမှတဆင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ရေဘေးဒဏ်ကြောင့် လူနေအိမ်များ ပျက်စီးခဲ့ရာပြီး နေအိမ်အသစ်ပြန်လည်ဆောက်လုပ်၍ နေထိုင်လုပ်ကိုင်နေကြသည့် ကုန်းစောင်းကျေးရွာမှ အိမ်ထောင်စုများအား သွားရောက်ကြည့်ရှုကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဝက် (၅၀) ကောင်အား မွေးမြူရေးဘဏ်စနစ်ဖြင့် ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)