ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟဲဟိုးအာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့၏ မျိုးအာလူးအအေးခန်းသိုလှောင်ရုံဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်

ကလော ဇန်နဝါရီ ၂၈

Myanmar United Farmers Agricultural Co.,Ltd ဟဲဟိုး အာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့၏ မျိုးအာလူးအအေးခန်းသိုလှောင်ရုံ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကလောမြို့နယ် ညောင်ပင်ခါးရှည်ကျေးရွာ၌ ကျင်းပသည်။

ဦးစွာ မျိုးအာလူးအအေးခန်းသိုလှောင်ရုံဖွင့်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ကလောခရိုင်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဟဲဟိုး အာလူးအသင်းဥက္ကဋ္ဌ ဦးအောင်သန်းကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မျိုးအာလူးအအေးခန်းသိုလှောင်ရုံဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အာလူးသီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် တစ်နိုင်ငံလုံးတွင် ရှမ်းပြည်နယ်အတွင်း ဧရိယာဧကအများဆုံးအဖြစ် ၆၀ ရာခိုင်နှုန်းကျော်စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဧက ၅၁၅၄၀ စိုက်ပျိုးနိုင်ခဲ့ပြီး မိုးစိုက်ဧရိယာများတွင် ၄၁၉၉ ပိဿာနှုန်းထွက်ရှိပါကြောင်း၊ မျိုးအာလူးများ အရည်အသွေးကျဆင်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် နောင်တရားတွင် တန်(၂၀၀၀)ဆံ့၊ ဟဲဟိုးမြို့တွင် တန်(၁၀၀၀)ဆံ့၊ အောင်ပန်းမြို့တွင် တန်(၁၃၀၀)ဆံ့နှင့် ပင်းတယမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်တန် (၈၅၀) ဆံ့ အာလူးအအေး ခန်းသိုလှောင်ရုံများတွင် မျိုးအာလူးများကို သိုလှောင်ထားရှိနိုင်ပြီဖြစ်ကြောင်း ယနေ့တွင် ဟဲဟိုးအာလူးအစုအဖွဲ့၏ တန်(၂၀၀၀)ဆံ့ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်နိုင်သည့်အတွက် ဒေသတွင်းအာလူးစိုက် တောင်သူများ၏မျိုးအာလူး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး အာလူးစိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးပေးမှုများကြောင့် တောင်သူများအနေဖြင့် ပိုးမွှားရောဂါကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်အာလူးများကို စျေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ရရှိစိုက်ပျိုးသွားနိုင်မည်ဖြစ်ပြီး အကျိုးများစွာရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက အာလူးစိုက်ပျိုးရေး ကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး ဟဲဟိုးအာလူးအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မျိုးအာလူး အအေးခန်းသိုလှောင်ရုံဖွင့်ပွဲတွင် ကုမ္ပဏီများမှ လာရောက်ခင်းကျင်းပြသသည့် ပြခန်းများနှင့် အာလူးအအေးခန်းသိုလှောင်ရုံ အာလူးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)