စစ်တွေ ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် တိုင်းရင်းသားလူငယ်များအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းကို စစ်တွေမြို့ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းသို့ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့သည် သင်တန်းသူများ လက်တွေ့ချုပ်လုပ်နေမှုနှင့် သင်တန်းသူများ၏ ချုပ်ထည်များအားလှည့်လည်ကြည့်ရှုကြပြီး သင်တန်းသူများအတွက် ချီးမြှင့်ငွေနှင့် သင်ထောက်ကူ ပစ္စည်းများကို ပေးအပ်ကြသည်။
အဆင့်မြင့်စက်ချုပ်သင်တန်းကို ဇန်နဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက် အထိ ဖွင့်လှစ်သင်ကြားလျက်ရှိရာ သင်တန်းသူ ၄၀ အား သင်တန်းနည်းပြဆရာမများက သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး