မကွေး ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်ကကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ပုံမှန်ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းစေရန်အတွက် အသက် (၁) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ ဖြစ်ပွား၊ သေဆုံးမှုမှ လျှော့ချရန်ရည်ရွယ်ပြီး အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် နည်းလမ်းများဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ အသက် (၁၅) နှစ်အောက် ကလေးများကို လိုအပ်သောကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထပ်မံပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျောင်းနေအရွယ် KG ကလေးငယ်များအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက်(၉)နှစ်မှ(၁၂)နှစ်အရွယ်အမျိုးသမီးငယ်များကိုကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၊ကျန်းမာရေးဝန်ထမ်းများအား နှစ်စဉ်ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း Life Course Approach ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုထပ်မံတိုးမြှင့်အားဖြည့်ဆောင်ရွက်မည့်အစီအစဉ်များသည် အခြေခံအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့သည့် အမျိုးသားကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာမဟာဗျူဟာ (၂၀၂၅-၂၀၂၉) ခုနှစ်တွင် ဖော်ထုတ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ သွားလာရန်ခက်ခဲသည့်ဒေသများ၊ နိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့် သွားရောက်နိုင်သည့်ဒေသများ၊ လူနေထူထပ်ပြီး ရွှေ့ပြောင်းလူဦးရေများသည့် မြို့ပေါ်ဆင်ခြေဖုံးရပ်ကွက်များ၊ သွားလာရခက်ခဲသောဒေသများက ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားလုံးကို လိုအပ်သည့် ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းများမှာလည်း အားသွန်ခွန်စိုက်ထပ်မံပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် Video Clip ကို အတူတကွကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ပြည့်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ အောင်မြင်မှုများ၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ တိုးချဲ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အဓိကရည်ရွယ်ချက်များ၊ အထူးဦးစားပေးအနေဖြင့် ဆောင်ရွက်ခဲ့မှုများ၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါဖြစ်ပွား၊ သေဆုံးမှုအား ကာကွယ်နိုင်သည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)