မုဒုံ ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ မုဒုံမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် ဂေါပကအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၁၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက်ပိုင်းက စေတီတော်ဘုရားဝင်းရှိ ထာဝရအနန္တမေတ္တာဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ဘုရားရှိခိုးကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ကန်ကြီးဆံတော်ရှင်စေတီတော် ဩဝါဒါစရိယ မုဒုံမြို့ ကျောင်းသစ်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တစန္ဒန (လမင်းဆရာတော်)ထံမှ မုဒုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်း၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ စေတီတော်ဂေါပကအဖွဲ့နှင့် ဧည့်ပရိသတ်အပေါင်းက သီလတော်မြတ်ခံယူသည်။ ထို့နောက် တာဝန်ရှိသူများက ပဋ္ဌာန်းကျမ်းတော် စာအုပ်များနှင့် ပဋ္ဌာန်းပရိတ်အောင်အိုးကို ဆရာတော်ကြီးထံ ဆက်ကပ်ပူဇော်၍ ပဋ္ဌာန်းအဖွင့် ပဋ္ဌာန်းအမွှန်းများ ရွတ်ဆိုပူဇော်ပြီး အသံမစဲမဟာ ပဋ္ဌာန်းပူဇော်ပွဲကို စတင်ပူဇော်ခဲ့သည်။
ယင်းနောက် သြဝါဒစရိယဆရာတော်ကြီးများ၊ ဆရာတော်သံဃာတော်များကို တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို (၆)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)