ရွှေဘိုမြို့၌ (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေဘို ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကျင်းပပြုလုပ်ပူဇော်သည့် (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် ၉ နာရီအချိန်က ချမ်းသာကြီး၊ ချမ်းသာရစေတီတော်မြတ်ကြီးရှိ အရုဏ်ခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာတက်ရောက်လာသူများက နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဇိနမာန်အောင်ကျောင်းတိုက်ဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင်ဆောင်ခဲ့ပြီးနောက် ရွှေဘိုမြို့နယ်သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဿုတ ထံမှ ငါးပါသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်ပြီး မြသိန်းတန်ကျောင်းတိုက်ဆရာတော်မှ ပဋ္ဌာန်းတရားနာယူကြည်ညိုကြရန်အတွက် နတ်ဗြဟ္မာများပင့်ဖိတ်ခြင်း၊ လူနတ်ပုဂ္ဂိုလ်ချစ်ကြည်ညိုစေရန်အတွက် မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်ခဲ့ပြီးနောက် မဏိရတနာပုံကျောင်းတိုက်ဆရာတော်မှ ပဋ္ဌာန်းဒေသနာတော် ရွတ်ပွားပူဇော်ရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး နာယကဆရာတော်ကြီးများနှင့် ဘာဏကသံဃာတော်များမှ ပစ္စယဥဒ္ဒေသ ၂၄ ပစ္စည်း သံပြိုင်ရွတ်ဆိုပူဇော်ပြီး အလှည့်ကျဘာဏက သံဃာတော်မှ မဟာပဋ္ဌာန်းကျမ်းမြတ်ကြီးအား ဆက်လက်ပူဇော်ခဲ့သည်။ ထို့နောက် နာယက ဆရာတော်ကြီးများနှင့် ဘာဏကသံဃာတော်များများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)