ပွင့်ဖြူ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အဆိုပါ ကျေးရွာအနီးရှိ မြောက်မုန်းမြောင်း မကြီးတွင် သံကူကွန်ကရစ်တံတား တစ်စင်းအား ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ကာ အကောင်အထည် ဖော် တည်ဆောက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာတွင် ရွာလယ်၌ ချောင်းရှိနေသည့်အတွက် ကျေးရွာ၏ အရှေ့ပိုင်းရှိ အိမ်ထောင်စု ၂၅၀ ခန့်မှာ နှစ်စဉ် မိုးတွင်းကာလများတွင် သွားရေးလာရေး အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ဒေသခံပြည်သူများမှ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် ဒေသထွက် ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရေး တင်ပြတောင်းခံလာသဖြင့် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၉ သန်းဖြင့် မြောင်းမကြီးအရှည်ပေ ၇၅ ပေ အား လမ်းအကျယ် ၁၄ ပေ ရှိ သံကူကွန်ကရစ် တံတားတစ်စင်းအား ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ရာ လက်ရှိတွင် တံတား တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံက သိရသည်။
အဆိုပါ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တာဝန်ရှိသူများအဖွဲ့က လာရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။ ယင်း သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်းနှင့် တံတားတည်ဆောက်ပြီးစီးပါက ကျောင်းကုန်းကြီးကျေးရွာ အရှေ့ပိုင်းရှိ အိမ်ထောင်စု (၂၅၀) အတွက် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင် မည့်အပြင် ဒေသထွက်ကုန်သီးနှံများကို ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ရာ ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)