လားရှိုးမြို့ရှိ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

လားရှိုး ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစုနှင့် အလှူရှင်များမှ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။

ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များက ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို ရိုသေစွာနာယူခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစုကိုယ်စား တက်ရောက်လာကြသည့်  အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုအစုစုတို့အား ဆရာတော်သံဃာတော် အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ အနုမောဒနာတရားတော်နှင့် ရေစက်သွန်းတရားတော်များ နာယူပြီးလှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ယင်းနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)