ပေါင်းတည် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွားကျင်ငယ်ရေသုံးစွဲ၍ ရွက်ဖျန်းမြေဩဇာပက်ဖျန်းအဖြစ် အသုံးပြုနိုင်ကြစေရေး သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘိုးသာအောင်ကုန်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ထိုသရုပ်ပြပွဲကို တောင်သူများ၏ TBL-9 မတ်ပဲ ၅ ဧကစိုက်ခင်းပြင်တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များနှင့်အတူ မြို့နယ်စိုက်ပျိုးမွေးမြူမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။
တောင်သူများအနေဖြင့် နွားကျင်ငယ်ရေကို စိုက်ပျိုးရေးဆေးတစ်မျိုးအဖြစ် အသုံးပြုနိုင်ကြောင်း၊ သဘာဝမြေဩဇာဖြစ်၍ ဘေးထွက်ဆိုးကျိူး လုံးဝမရှိပါကြောင်း၊ စိုက်ပျိုးစရိတ်ကိုလည်း များစွာသက်သာစေပါကြောင်း၊ နွားကျင်ငယ်ရေ တစ်လီတာလျှင် ရေ ၂၀လီတာ ရောစပ်ကာ ၁၅ ရက်နှင့်အထက် သက်တမ်းရှိသည့် ပဲခင်းများကို ယုံကြည်စိတ်ချစွာ ပက်ဖြန်းပေးနိုင်ပါကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးမင်းက တောင်သူများအား ရှင်းပြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နွားကျင်ငယ်ရေ သုံးစွဲ၍ ရွက်ဖြန်းမြေဩဇာ ပြုလုပ်ပုံကို ပြသပြီးနောက် ပဲစိုက်ခင်းများအတွင်း ပက်ဖြန်းပြသခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)