ပဲခူး ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “တိုင်းရင်းသားလူငယ်များ အတွက် စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး လူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ချီးမြှင့်ခဲ့သည်။
ဦးစွာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များအတွက် အလုပ် အကိုင် အခွင့်အလမ်းများရရှိစေရန်၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို မိမိတို့နေထိုင်ရာဒေသများတွင် တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်စေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို အစပြုရာတွင် အကြံဉာဏ်နှင့် အတွေးအခေါ်များ၊ စွမ်းဆောင်ရည်များ တိုးတက်လာစေရန် ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ပေးခဲ့တာဖြစ်တဲ့အတွက် သင်တန်းသားတွေအနေနဲ့ စိတ်ပါဝင်စားစွာ စနစ်တကျ သင်ယူနိုင်ခဲ့ကြမယ်လို့ ယုံကြည်ပါကြောင်း၊ ယခုသင်တန်းမှာတက်ရောက်ခဲ့ကြတဲ့ လူငယ်တွေအနေနဲ့ စီးပွားရေးအသိအမြင်များနဲ့ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မယ်ဆိုရင် မိမိတို့မိသားစုအတွက်လည်း တစ်ဖက်တစ်လမ်းကဝင်ငွေရပြီး ပြည်သူများရဲ့ စားသုံးလိုမှု လိုအင်ဆန္ဒတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသား လူငယ်များအားလုံးအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးမြှင့်တင်ရေး၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို အစဉ်အမြဲဆောင်ရွက် ပေးနေတာဖြစ်တဲ့အတွက် တိုင်းရင်းသားလူငယ်များအနေနဲ့ ထူးချွန်ထက်မြက်တဲ့ ပညာတတ် တိုင်းရင်းသားလုပ်ငန်းရှင်ကြီးများဖြစ်အောင် ကြိုးစားအားထုတ်ကြရန်လိုအပ်ကြောင်း သင်တန်း ဆင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အခမ်းအနားတက်ရောက်ကြသူများက သင်တန်းသား၊ သင်တန်းသူများ ကိုယ်တိုင်ပြုလုပ်ခဲ့ကြသည့် စားသောက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါတိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ဇန်နဝါရီလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတက်ရောက်ကာ သင်တန်းနည်းပြဆရာ၊ ဆရာမများက ကိတ်မုန့်နှင့်ပေါင်မုန့် အမျိုးမျိုးထုတ်လုပ်သည့် နည်းပညာများကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သတင်း ရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)