ကြို့ပင်ကောက်မြို့နယ်တွင် မဲရုံတာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

ကြို့ပင်ကောက် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ မဲရုံတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာများ၊ လုံခြုံရေးဝန်ထမ်းများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့မှစတင်ကာ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ကြေညာထားပြီးဖြစ်ရာ ကြို့ပင်ကောက်မြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် ရပ်ကွက် ကျေးရွာ ၃၉ အုပ်စုတွင် မဲရုံပေါင်း ၅၉ ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒေသခံပြည်သူ ၅၉၄၄၂  ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)