ငဖဲ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ယုယုသိန်းက စာဖတ်ရှိန်မြှင့်တင်ရေး ပြပွဲပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကျောင်သား/ သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ ဗလငါးတန်ဖွံ့ဖြိုးရေးသိကောင်းစရာများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက လူငယ်နှင့်ပညာရည်မြင့်မားရေး အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း - ၄ ဒေါ်နှင်းနွယ်အောင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများနှင့်ကလေးသူငယ်အခွင့်အရေးများကို ကျောင်းသား/သူများအား အသိပညာပေးပြောကြားသည်။
ထို့နောက် ဟောပြောမှုများနှင့်ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများမေးမြန်းရာ ဖြေဆိုနိုင်သူ ၆ ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်မှ ပြသထားရှိသော ကလေးကြိုက်ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များနှင့် တိုင်းရင်းသားရိုးရာပုံပြင် စာအုပ်များကို လေ့လာဖတ်ရှုပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)