ပခုက္ကူမြို့၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ပြုလုပ်

ပခုက္ကူ ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲကို ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက်၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့်အောင်မြင်တိုးတက်ရေး”၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမ အသွင်ဆန်း(ပခုက္ကူ)က “နိဗ္ဗာန်ကိုသာ မသွားချင်ပေါင်”၊ စာရေးဆရာမ မြမှူးသခင်က “ခယောင်းလမ်းမှစိန်ပွင့်များ”၊ စာရေးဆရာအောင်ဝင်း (မျိုးချစ်သူ-ရေစကြိုသား) က “မြတ်ဆရာနှင့်တပည့်များအကြား ထားရှိရမည့်ဂါရဝတရားများ” စသည့် ခေါင်းစဉ်တို့ဖြင့် ရှင်းလင်းဟောပြောကြရာ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးမင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းမှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်လှူဒါန်းခြင်း၊ ခရိုင်ပြန်ကြား  ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်း၊ သုတ၊ ရသဆိုင်ရာစာအုပ်စာစောင်များ စနစ်တကျခင်းကျင်းပြသဖတ်ရှုစေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)