မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက် ဓမ္မဇာလကျောင်းတော်၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင် ဇန်နဝါရီ ၁၃

မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက် ဓမ္မဇာလကျောင်းတော်မှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်နယ်အတွင်း စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဥ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် မဟာမြိုင်ပရိယတ္တိစာသင်တိုက်ဆရာတော် ဟိတဓရဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသမှ ဩဝါဒစကားမြွက်ကြားပြီး မဟာမြိုင်ပရိယတ္တိစာသင်တိုက် သင်တန်းမှူးဆရာတော် ဦးဇောတိသာရမှ သင်တန်းနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတက်ရခြင်း၏ အကျိုးကျေဇူးအ‌ကြောင်းကို သင်တန်းသား ဦးအောင်သန်းမှ ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စားကျေးဇူတင်စကားကို သင်တန်းသူ မဟန်နီနီထွန်းက ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ဝမ်းမြောက်ကြောင်းစကားကို ဆရာတော်ဦးဇဝန စိန်ပါတီကျောင်းဆရာတော်မှ ပြောကြားပြီး မဟာမြိုင်ပရိယတ္တိစာသင်တိုက်ဆရာတော် ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဟိတဓရဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသထံမှ လူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြားပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။

အဆိုပါ ဓမ္မဇာလကျောင်းတော် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးဖြင့် ဇန်နဝါရီလ(၈)ရက်နေ့မှ ‌(၁၂)ရက်နေ့အထိ(၅)ရက်ကြာ သင်ကြားပို့ချခဲ့‌ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)