ရေနံချောင်းမြို့မဈေးကြီးတွင် ဈေးသည်များ နှားခေါင်းစည်း တပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ရေနံချောင်း ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် လူစည်ကားရာ နေရာ ဖြစ်သော စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးနှင့် ပျံကျဈေးတန်းများတွင် ဈေးရောင်းချသူများ နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Sheild) များ တပ်ဆင်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူးဦးအောင်ဘိုလင်းနှင့် ဝန်ထမ်းများက ဈေးတာဝန်ခံ အဖွဲ့များနှင့် အတူ နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Sheild) များ တပ်ဆင်ရောင်းချမှု မရှိသည့် ဈေးသည်များအား စစ်ဆေးအသိပညာပေးခြင်း၊ ဈေးဝယ်သူများကလည်း နှာခေါင်းစည်း(Mask) တပ်ဆင် ရောင်းချသည့် ဈေးသည်များထံမှ ဝယ်ယူကြရန်နှင့် ဈေးအတွင်းသို့ နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးမှ ဝင်ရောက် ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ရေနံချောင်းမြို့မဈေးကြီး ဝင်ပေါက်ထွက်ပေါက် များ၌ လက်ဆေး ဘေစင်များ ထားရှိခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရန်အတွက် Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ Mask မတပ်ပါက ဈေးအတွင်းသို့ (လုံးဝ)ဝင်ခွင့်မပြုပါ စသည့် စာသားများပါသည့် ဗီနိုင်းပိုစတာများချိတ်ဆွဲခြင်းတို့ ကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ထားကြောင်းသိရသည်။

ကိုစိုးကြီး