ဆင်ပေါင်ဝဲမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာ လာရောက်ဆန္ဒမဲပေး

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများက ဇန်နဝါရီ  ၁၁ ရက် (ယနေ့) နံနက် ၆ နာရီအချိန်မှစပြီး မဲရုံအသီးသီးတွင် ဆန္ဒမဲများ အေးချမ်းစွာလာရောက် ပေးလျက်ရှိကြောင်းသိရသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အပိုင်း (၂) တွင် ပါဝင်သည့် ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ နောက်ဆုံးအကြိမ် (တတိယအကြိမ်) ထုတ်ပြန်သည့် မဲရုံနှင့်မဲစာရင်းများအရမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၈ အုပ်စုတွင် ရပ်ကွက်မဲရုံ ၄ ရုံ၊ ကျေးရွာမဲရုံ ၅၅ရုံ၊ တပ်မဲရုံ ၂ ရုံ စုစုပေါင်းမဲရုံ ၆၁ ရုံ၌ မဲဆန္ဒရှင်ပြည်သူ စာရင်းရှိ စုစုပေါင်း လူဦးရေ ၄၅၆၁၇ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အဆိုပါမဲဆန္ဒရှင်ပြည်သူများစိတ်အေးချမ်းပျော်ရွှင်စွာမဲပေးနိုင်ရေးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြန့်ဝေပေးထားသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ၂၀၃ အသုံးပြု၍ စနစ်တကျ ဆန္ဒမဲလာရောက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်ငြိမ်းထွန်းနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)