ဆိပ်ဖြူ ဇန်နဝါရီ ၁၁
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)ကို ဇန်နဝါရီလ ၁၁ ရက် နံနက် ၆ နာရီမှ စတင်ပြီး နိုင်ငံတစ်ဝှမ်းတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိမြို့နယ်များတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိ ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ရွေးကောက်ပွဲကျင်းပမည့်မဲရုံများ၌ မဲရုံမှူးနှင့် မဲရုံတာဝန်ကျဝန်ထမ်းများက ပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများရှေ့မှောက်တွင် မဲစာရင်းစိစစ်ခြင်း၊ မဲပေးစက်စစ်ဆေးခြင်း၊ မဲပုံးများ၌ မည်သည့်အရာမှမရှိကြောင်း စစ်ဆေးပြသခြင်း၊ မဲပုံးများအား လုံခြုံရေးကြိုးများတပ်ဆင်ပြီးနောက် သက်ဆိုင်ရာမဲရုံမှူးများက မဲရုံဖွင့်လှစ်ကြောင်း ကြေညာသည်။
ထို့နောက် နံနက်အစောပိုင်းကပင် ဆန္ဒမဲပေးနိုင်ရေး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည့် မဲဆန္ဒရှင်ပြည်သူများက လျှို့ဝှက်ဆန္ဒပြုခန်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လွှတ်တော် အသီးသီးအတွက် မိမိကြိုက်နှစ်သက်သော ပါတီကိုယ်စားလှယ်ကို လွတ်လပ်စွာ ဆန္ဒမဲပေးကြသည်။
ဆိပ်ဖြူမြို့နယ်တွင် မဲရုံပေါင်း(၈)ရုံဖွင့်လှစ်ထားပြီး မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၁၀၉၀၈)ဦးရှိကြောင်း သိရသည်။
သူရိန်(ဆိပ်ဖြူ)