နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ ( Youth Peace Forum 2026 )သို့ တက်ရောက်မည့် နေပြည်တော်လူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ချင်းတွင်းလမ်းနှင့် သီရိမဏ္ဍိုင်လမ်းတို့တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်‌‌ဆေးပြီး မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာလှပစေရေး၊  လမ်းဥပဓိရုပ်‌ကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ လမ်းပုခုံး‌မြေသားများ လမ်းမျက်နှာပြင်ထက် မြင့်တက်နေမှုမရှိစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်ရေး မြေယာရှုခင်းများ၌ ရာသီအလိုက်ဖူးပွင့်သော ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးရေး၊ လမ်းဘေးဝဲ/ယာ အရိပ်ရအပင်များ ထပ်မံတိုးချဲ့စိုက်ပျိုး‌ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်း‌နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်နယ်မြေရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တောင်သူများပူးပေါင်းဆောင်ရွက်သော (၉၆)ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်တိုင်း တိုင်းဦးစီးမှူး၊ ဦးစီးဌာနအသီးသီးမှ ပညာရှင်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊  နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ဖိတ်ကြားထားသော တောင်သူဦးကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပညာရှင်များ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ဆရာ၊ ဆရာမများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လယ်ယာကဏ္ဍအခြေခံဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး တိုးတက်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့်သီးနှံများနှင့် သား၊ ငါး၊ ကဏ္ဍများဖွံ့ဖြိုးလာရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံအတွင်း ဒေသဝမ်းစာဖူလုံနိုင်ရန်သာမက နိုင်ငံတကာဈေးကွက်ရရှိရေးပါ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝပြောင်းလဲကျင့်သုံးရေးသည်လည်း အလွန်အရေးပါလျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာ စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အများကြီးအရေးပါလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သည့်အခါတွင် မြေပြုပြင်ခြင်းလုပ်ငန်း၊ စိုက်ပျိုးခြင်းလုပ်ငန်း၊ ပေါင်းရှင်းခြင်းလုပ်ငန်း၊ ဆေးဖျန်းခြင်းလုပ်ငန်း၊ မြေဩဇာထည့်သွင်းခြင်း စသည်ဖြင့် စိုက်ပျိုးထုတ်လုပ်သည်မှ ရိတ်သိမ်းခြွေလေ့သည်အထိ စက်မှုလယ်ယာကဏ္ဍ စက်ကိရိယာများဖြင့် အပြည့်အဝဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍမှာ စက်မှုလယ်ယာကဏ္ဍကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်၊ သီးနှံများ အထွက်နှုန်းကောင်းမွန်ရန်အတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာများ အပြည့်အဝထည့်သွင်းအသုံးပြုခြင်း၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ ထည့်သွင်းအသုံးပြုခြင်း၊ သီးနှံပင်ကြွင်းကျန်များ ထည့်သွင်းအသုံးပြုခြင်း၊ ဓာတ်မြေဩဇာများကို အချိန်ကိုက် အချိုးကျအသုံးပြုခြင်း၊ စိုက်ပျိုးနည်းစနစ်များကို မှန်မှန်ကန်ကန် လိုက်နာကျင့်သုံးခြင်း စသည်တို့ ဆောင်ရွက်မှသာ သီးနှံအထွက်နှုန်းများ တိုးတက်လာမှာဖြစ်ပြီး သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းများ ရရှိမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအနေဖြင့်လည်းကောင်း၊ ဆည်ကန်ချောင်းမြောင်း၊ မြေအောက်ရေ စသည့် ရေအရင်းအမြစ်များကို အခြေခံပြီး သီးနှံများ စိုက်ပျိုးနိုင်ရေး၊ ဖြည့်စွက်ရေပေးနိုင်ရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးအောင်မြင်ရန်အတွက် ရေရရှိရေးလုပ်ငန်းသည်လည်း အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်သကဲ့သို့ စိုက်ပျိုးရေကို အလေအလွင့်မရှိအောင် ထိန်းသိမ်းသုံးစွဲရန်လည်း လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရန် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်ကဏ္ဍ(၄)ရပ်က အရေးပါသလို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ ပူးပေါင်းပါဝင်မှု နည်းစနစ်များကို စနစ်တကျလိုက်ပါဆောင်ရွက်မှုတို့ကလည်း အလွန်အရေးကြီးပါကြောင်း၊ လက်ရှိ ဆောင်းသီးနှံများကိုလည်း ပလပ်မြေမရှိဘဲ အပြည့်အဝ စိုက်ပျိုးသွားကြရန်လိုအပ်သလို မျိုးကောင်း၊ မျိုးသန့်များ အသုံးပြု၍ စိုက်နည်းစနစ်မှန်ကန်စွာဖြင့် မြေဩဇာစနစ်တကျ ထည့်သွင်းသုံးစွဲမည်ဆိုပါက ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရရှိကာ ဝင်ငွေများတိုးတက်ရရှိစေမှာဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး သီးနှံများ ပန်းတိုင်အတွက်နှုန်းရရှိရေး ဝိုင်းဝန်းကြိုးပမ်းသွားကြရန်၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲသွားနိုင်ရေး ဆက်စပ်ဌာနများနှင့်အတူ တောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လယ်ယာသီးနှံစိုက်ပျိုးရေးပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ဌေးဌေးဦးက “ရေရှည်တည်တံ့သော ထုတ်လုပ်မှုကိုပေးနိုင်မည့် သီးနှံစိုက်ပျိုးမှုပုံစံနှင့် နည်းစနစ်များ”‌ ခေါင်းစဉ်ပါအချက်များအား ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သော  နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၆)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် နေပြည်တော်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအခန်းကဏ္ဍတစ်ရပ်ဖြစ်သည့် ဟိုတယ်လုပ်ငန်းများ သန့်ရှင်းသာယာလှပရေးနှင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဟိုတယ်အခန်းများ ရာနှုန်းပြည့် အမြန်ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားလိုကြောင်း၊ နေပြည်တော်ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်အတွင်း ဆောင်ရွက်နေသည့် ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ကဏ္ဍပေါင်းစုံကနေ တိုးချဲ့ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးခေါင်းစဉ်များထဲမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးတွင် အရေးပါသည့် ကဏ္ဍတစ်ခုတွင် ပါဝင်နေပါကြောင်းနှင့် ခရီးသွားလုပ်ငန်းတွင်ပါဝင်သည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် ခရီးသွားဧည့်သည်များ လာရောက်တည်းခိုသည့်အခါများတွင် ဝန်ဆောင်မှုအဆင့်အတန်းများကို စဉ်ဆက်မပြတ် တိုးတက်စေရန် အလေးထား ဆောင်ရွက်သွားကြရန်၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှာ တည်းခိုသူ ပြည်တွင်းခရီးသွားများကို လုံခြုံရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ဖြင့်သာ လက်ခံစေရေးနှင့် တည်းခိုသူနဲ့ပတ်သက်သည့် မှတ်တမ်းအပြည့်အစုံကို ရေသွင်းထားရှိရမှာဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လက်ရှိအသုံးပြုလျက်ရှိသော Guest List Information System (GLIS)တွင် ဖြည့်သွင်းထားရှိရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲမှုနည်းလမ်းများအရ အရေးယူဆောင်ရွက်ကြရန်၊ နေပြည်တော်တွင် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် ရောက်ရှိမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်း (၅၀၀,၀၀၀)ကျော်၊ ပြည်ပ (၆၀,၀၀၀)ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ပြည်တွင်း (၄၉၀,၀၀၀)ကျော်၊ ပြည်ပ (၄၉,၀၀၀)ကျော် ဝင်ရောက်ခဲ့သဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု အနည်းငယ်လျော့နည်းနေသည်ကိုတွေ့ရှိရပြီး ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု ကျဆင်းမှုမရှိစေရေးအတွက် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများ ရာနှုန်းပြည့် ပြင်ဆင်ဆောင်ရွက်၍ ဖွင့်လှစ်နိုင်ရေး အထူးအလေးပေးဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ထိုသို့ဟိုတယ်နှင့်တည်းခိုရိပ်သာများ ကြံ့ခိုင်မှုကိုစစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအသိအမှတ်ပြု ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် စစ်ဆေးဆောင်ရွက်ရန် လိုအပ်သဖြင့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသော ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများ စိစစ်ရေးကော်မတီကို ဖွဲ့စည်းထားရှိပြီး ကော်မတီ၏ SOP များအတိုင်း ကြပ်မတ်ဆောင်ရွက်သွားရန်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလုပ်ငန်းစဉ်များဖြစ်သည့် ခရီးစဉ်ဒေသအသစ်များ နေရာအသစ်များ စီစဉ်ဖော်ထုတ်ရာတွင် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဖော်ထုတ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအနေဖြင့် အခြားပြည်နယ်နှင့် တိုင်းများ Clean City, Green City, Smart City ဖြစ်စေရေး ဆောင်ရွက်သည့်အခါမှာလည်း နေပြည်တော်မှာရှိသည့် ဟိုတယ်ဇုန်များ နိုင်ငံတော်ဧည့်ဂေဟာများဟာ မြို့တော်အင်္ဂါရပ်နှင့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့်အတွက် ဟိုတယ်များ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသပ်ရပ်စေရေး၊ သတ်မှတ်အဆင့်အတန်းများနှင့် ပြည့်မီအောင် ဆောင်ရွက်စေရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ဦးဇော်လွင်ထက်မှ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သော ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ သို့ တက်ရောက်မည့် နေပြည်တော်လူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ Naypyitaw State Academy မှ ကျောင်းသား/ကျောင်းသူများမှ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်”သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတစ်နိုင်ငံကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် တည်ငြိမ်အေးချမ်းသာယာရေးသည် လွန်စွာအရေးကြီးပါကြောင်း၊  နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုမရှိခြင်းသည် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အခက်အခဲဖြစ်စေပြီး ပြည်တွင်းရော ပြည်ပပါ ငြိမ်းချမ်းမှုမရှိဘဲ စစ်မက်ဖြစ်ပွားနေမည်ဆိုပါက နိုင်ငံတွင်းရှိ ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်ကို ထိခိုက်ပျက်စီးစေပြီး နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတကာ၏ အခြေအနေကို ကြည့်မည်ဆိုလျှင် နိုင်ငံရေးတည်ငြိမ်မှုမရှိသောနိုင်ငံများနှင့် နိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားသော နိုင်ငံသည် ၎င်းနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေပြီး ပြည်သူများ၏ ဘဝမှာလည်း အသက်အိုးအိမ်ဆုံးရှုံးမှု၊ အငတ်ဘေးကျရောက်မှု၊ မိသားစုပြိုကွဲမှု၊ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် စစ်ဘေးရှောင်နေရမှုများကို ရင်ဆိုင်နေရမှာ တွေ့ရမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများသည်ပင်လျှင် ပြည်တွင်းမငြိမ်သက်မှုကြောင့် ပြည်တွင်းစစ်ဖြစ်လျှင်သော်လည်းကောင်း၊ ပြည်ပ စစ်ဖြစ်လျှင်သော်လည်းကောင်း နိုင်ငံတွင်းရှိ ပြည်သူများ ဒုက္ခကြုံတွေ့ရပြီး နိုင်ငံ၏စီးပွားရေးမှာလည်း ဖွံ့ဖြိုးတိုးတက်ပြီးသားပင်လျှင် တစ်ခဏတွင်း ပျက်စီးဆုံးရှုံးမှာကို တွေ့ရမှာပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အသက်တမျှအရေးကြီးသည်ကို တွေ့ရမှာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင်လည်း ပြည်ထောင်စုတိုင်းရင်းသားများနှင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖြစ်ပြီး နိုင်ငံအတွင်းတွင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး အဆိုပါ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးသည် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပါကြောင်း၊ ထို့ကြောင့် အစိုးရအဆက်ဆက်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးစားပေးရည်မှန်းချက်ထား ဆောင်ရွက်နေသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းနှင့်အတူ ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် အစိုးရအဆက်ဆက် လက်နက်ကိုင်ပဋိပက္ခများကို ရင်ဆိုင်ဖြေရှင်းနေရပြီး နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး အကြောင်းခြင်းရာများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အခက်အခဲအတားအဆီးတစ်ခုဖြစ်နေသည်ကို အားလုံးသိကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်အတူ ငြိမ်းချမ်းရေးကဏ္ဍကို အထူးအ‌လေးပေးဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အခမ်းအနားကို တက်ရောက်ဆွေးနွေးသည့်အခါ တစ်ဦးချင်း စည်းကမ်း၊ စိတ်ဓာတ်ကောင်းမွန်ရေး လွန်စွာအရေးကြီးပါကြောင်း၊  လိုက်ပါလာသည့် အုပ်ချုပ်သူအဖွဲ့ခေါင်းဆောင်များ၏ ဦးဆောင်မှုကို တစ်သွေမသိမ်း လိုက်နာရမည့်အပြင် အဖွဲ့လိုက် သွားလာပူးပေါင်းလုပ်ဆောင်ရသည့်အခါ တစ်ကိုယ်ရည်စည်းကမ်းရှိရန် အများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးမှာကြားလိုပါကြောင်း၊ လုပ်ဆောင်မှု၊ နေထိုင်သွားလာစားသောက်မှုအားလုံးသည် နေပြည်တော်၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်နေကြသည်ကို အမြဲမမေ့မလျော့ရန် မှာကြားလိုကြောင်း ပြောကြားပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ ( Youth Peace Forum 2026 ) သို့ နေပြည်တော်ကိုယ်စားပြု တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အတွက် ချီးမြှင့်ငွေပေးအပ်ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လက်ခံရယူခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်၊ ဦးမြင့်စိုးက လူငယ်ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ ( Youth Peace Forum 2026)သို့ နေပြည်တော်ကိုယ်စားပြု တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့နှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြပြီး လူငယ်ကိုယ်စားလှယ်များမှ တစ်ဦးချင်းမိတ်ဆက်၍ ဆွေးနွေးမည့်ခေါင်းစဉ်များအား အကျဉ်းချုပ်ဆွေးနွေးတင်ပြကြပြီးနောက် နေပြည်တော်လူမှုဝန်ထမ်းရုံး၊ ဝန်ထမ်းများက “ဖွံ့ဖြိုးဝေစည် နေပြည်တော်ကောင်စီ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)