ဂန့်ဂေါမြို့ပေါ်ရှိ မဲရုံများနှင့် မဲပေးစက်များထားရှိသည့်နေရာများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်မည့် မဲရုံများ၊  MEVM မဲပေးစက်များထားရှိသည့်နေရာနှင့် ပတ်ဝန်းကျင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင် ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်(၄)ရက်ကွက်တွင် မဲရုံများဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများနှင့်  MEVM မဲပေးစက်များထားရှိသည့်နေရာများတွင် လျှပ်စစ်ဝါယာကြိုးများ၊ လျှပ်စစ်မီးသွယ်တန်း ထားရှိမှု၊ မီးခလုပ်များ စနစ်တကျသွယ်တန်းတပ်ဆင်ထားမှု အခြေအနေများ၊ မီးသတ်ဆေးဘူးများထားရှိမှု၊  ပတ်ဝန်းကျင်နေရာများတွင် အမှိုက်သရိုက်လောင်စာများရှိ/မရှိနှင့် အနီးပတ်ဝန်းကျင်နေရာများအား မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပစ္စည်းများပြည့်စုံစွာ ဆောင်ရွက်ထားရှိမှုများ ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးမှာကြားခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွား စေရေးအတွက် အများပြည်သူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များသို့ နေ့စဉ်လှည့်လည်ဆော်ဩခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      

မောင်မျိုးမင်း