နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်အတွင်း ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေး၊ မတရားအမြတ်တင်ရောင်းချမှုများ စစ်ဆေးထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၀

နေပြည်တော်အတွင်း ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေး၊ မတရားအမြတ်တင်ရောင်းချမှုများ စစ်ဆေးထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်အတွင်း ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေး၊ မတရားအမြတ်တင်ရောင်းချမှုများ စစ်ဆေးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်‌ကောင်စီဝင် ဦးဇေယျာလင်း၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆန်စပါးနှင့် အခြားရာသီပေါ်သီးနှံများ ရောင်းဝယ်ဖောက်ကားမှုကွင်းဆက်မှန်ကန်စေရေး စောင့်ကြည့်ဆောင်ရွက်ပေးရန်နှင့် ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေး၊ မတရားအမြတ်တင်ရောင်းချမှုများကို နယ်မြေအလိုက် ထိထိရောက်ရောက် စစ်ဆေးထိန်းကျောင်းနိုင်ရန်ရည်ရွယ်၍ ကော်မတီကိုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်များ၏ ဈေးနှုန်းကိုထိန်းကျောင်းရာတွင် စိုက်ပျိုးထုတ်လုပ်သူနှင့် စားသုံးသူပြည်သူများကြား သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်ရန်အရေးကြီးပါကြောင်း၊ ဆန်စပါးဈေးနှုန်းအပြင် ပြည်သူလူထု၏ လူမှုစီးပွားဘဝအဆင်ပြေစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားဖြန့်ဖြူးရောင်းချရာတွင် ပါဝင်ပတ်သက်သည့် ကုန်သည်ပွဲစားများ၊ ဆန်စက်ပိုင်ရှင်များ၊ ပွဲရုံပိုင်ရှင်များအားလုံးအနေဖြင့် မိမိတို့၏ အကျိုးစီးပွားတစ်ခုတည်းကိုသာမကြည့်ဘဲ ပြည်သူအားလုံး၏ အကျိုးစီးပွားမျှတစွာ ဖြစ်ထွန်းစေရေးအတွက် အလေးထားထိန်းညှိရန်လည်းလိုအပ်ပါကြောင်း၊ ဆန်စပါးနည်းတူ အခြားရာသီပေါ်သီးနှံများကိုလည်း ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်မှန်ကန်စေရေးနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ လူမှုစီးပွားဘဝအဆင်ပြေစေရေးအတွက် စောင့်ကြည့်ဆောင်ရွက်သွားရမှာဖြစ်ပြီး ရာသီပေါ်သီးနှံပေါ်ချိန်တွင် သီးနှံဈေးနှုန်းများ ထုတ်လုပ်မှုကုန်ကျစရိတ် အောက်ကျဆင်းမှုမဖြစ်ပေါ်စေရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့် MSME လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလာအောင် စည်းရုံးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အ‌နေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံသည့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန် ရည်မှန်းချက်တစ်ရပ်ချမှတ်ထားပါကြောင်း၊ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှု (Agro-based Industries)ကို ယခုအခါ အဓိကဦးစားပေးဆောင်ရွက်ရမှာဖြစ်ပြီး အနာဂတ်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု(Sustainable Development) ပန်းတိုင်များအထိရရှိစေရန် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အသေးစား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါသည့် လိုအပ်ချက်တစ်ခုဖြစ်ပြီး စက်မှုလုပ်ငန်းများမှ ပြည်တွင်းတွင် လိုအပ်သည့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များလျှော့ချလာနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများ လျော့နည်းသက်သာလာမှာဖြစ်သည့်အတွက် တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ ဆန်စပါးနှင့် အခြားရာသီပေါ်သီးနှံများ ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်မှန်ကန်စေရေး စောင့်ကြည့်ဆောင်ရွက်ပေးရန်နှင့် နယ်မြေအလိုက် ထိထိရောက်ရောက်ဆောင်ရွက်ရန်အတွက် စားသုံးဆီ ဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီများ၊ ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များ၊ ကုန်စည်ဒိုင်များပူးပေါင်း၍ ထိန်းကျောင်းကြပ်မတ်သွားကြ‌စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် တာဝန်ရှိသူများက နေပြည်တော်အတွင်း ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေး၊ မတရားအမြတ်တင်ရောင်းချမှုများ စစ်ဆေးထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုန်းချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)