ပခုက္ကူ ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား ကျောင်းသူ များအနေဖြင့် အားကစားနည်းစနစ်များကို နားလည်သိရှိပြီး ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်မှုရရှိပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်စသည့်ရည်ရွယ်များဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားအဓိဋ္ဌာန်(၄)ရပ်ရွတ်ဆိုကြသည်။
ဆက်လက်၍ ဖူဆယ်အားကစားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဓာတုဗေဒဌာနအသင်းနှင့် သင်္ချာဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒဌာနအသင်းက (၈) ဂိုးပွဲဖြတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်အဖြစ် ဘူမိဗေဒဌာနအသင်းနှင့် ဝိဇ္ဇာညွန့်ပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဝိဇ္ဇာညွန့်ပေါင်းအသင်းက ၂ဂိုး ၁ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ဖူဆယ်အားကစားအသင်း ခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)