မင်းဘူးမြို့၌ လုပ်ငန်းခွင်မီးဘေးလုံခြုံရေးတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မင်းဘူး ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လုပ်ငန်းခွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ပေါ်ရှိ ဆိုင်များ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အင်ဂျင်နီယာမီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မင်းဘူးမြို့ မြနန်းစံအထူးကုဆေးခန်း၊ ချမ်းသာဓာတ်ငွေ့ရည်ဆိုင်နှင့် မန်းသီတာ ကာရာအိုကေဆိုင်များ၌ လုပ်ငန်းခွင်အတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ဆိုင်လုပ်ငန်းရှင်များ အနေဖြင့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေး လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ လုပ်ငန်းခွင်၊ ဆိုင်ခန်းများနှင့် လူနေဆောင်များ၌ မီးသတ်ဆေးဘူးများ အရန်သင့် ချိတ်ဆွဲထားရှိရေး၊ ဟောင်းနွမ်းသော မီးသတ်ဆေးဘူးများ အသစ်လဲလှယ်ထားရှိရေး၊ လျှပ်စစ်မီးလိုင်း၊ မီးခုံ၊ မီးပလတ်၊ မီးဘရေကာများနှင့် အီလက်ထရောနှစ်ဆက်စပ်ပစ္စည်းများ စနစ်တကျ သွယ်တန်းတပ်ဆင်သုံးဆွဲရေး၊ အရေးပေါ်ထွက်ပေါက်၊ အရေးပေါ်အချက်ပြမီး Fire Alarm များ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် အချက်ပြမီးများ Auto လည်ပတ်ဆောင်ရွက်နိုင်ရေး၊ မီးသတ်ရေပိုက်လိုင်းများ၊ ရေမော်တာများနှင့် အပေါ့စားမီးငြှိမ်းသတ်စက်များ ကြံ့ခိုင်ကောင်းမွန်ရေး၊ ရေလှောင်ကန်၊ ရေစုကန်နှင့် အမြင့်တင်ရေစင်များ၌ အရေပေါ်ရေများ အရန်သင့်စုဆောင်းထားရှိရေးစသည့် လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေး မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)