နေပြည်တော် ဇန်နဝါရီ ၉
နေပြည်တော်အဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် "နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိလူငယ်များအားလုံး ပညာသင်ကြားနိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အခမဲ့ပညာရေးစနစ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် နှစ်ဆုံးစာမေးပွဲများ ဖြေဆိုကြရမည့် ကျောင်းသား၊ ကျောင်းသူများအား ရာနှုန်းပြည့်ဖြေဆိုနိုင်ရေး သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့် စပ်လျဉ်း၍ ယနေ့ခေတ်တွင် ကိုယ်လက်လှုပ်ရှားမှုနည်းပါးသည် နေထိုင်မှုပုံစံကြောင့် ရောဂါမျိုးစုံဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးသူများအနေဖြင့် ကျန်းမာရေးအရ လမ်းလျှောက်လေ့ကျင့်ခန်းကို ပုံမှန်ဆောင်ရွက်ပေးစေလိုကြောင်း၊ လမ်းလျှောက်ခြင်းသည် အချိန်မကုန်၊ ငွေကြေးကုန်ကျမှုမရှိသည့် အကောင်းဆုံးသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုဖြစ်သည့်အတွက် ပုံမှန်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာရုံးများ၊ မြို့ရွာများနှင့် လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေးနှင့် စပ်လျဉ်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် ယခုအချိန်သည် ပွင့်လင်းခြောက်သွေ့သည့် ရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားအောင် အထူးဂရုပြုကြစေလိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုန်းချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)