လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့ ကယားပြည်နယ်ကိုယ်စားပြုတက်ရောက်မည့် လူငယ်များအား ဂုဏ်ပြုချီးမြှင့်

လွိုင်ကော်      ဇန်နဝါရီ        ၁၀

ကယား ပြည်နယ်လူငယ်ရေးရာကော်မတီမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ ၁၆ ရက်ထိ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) ၌ ကျင်းပမည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ ပြည်နယ်ကိုယ်စားပြုတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၈ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် လူငယ်များက တစ်ဦးချင်း မိတ်ဆက်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးက  လူငယ်ငြိမ်းချမ်ရေးဖိုရမ်သည် နိုင်ငံအတွင်းရှိ လူငယ်များအတွက် များစွာအကျိုးရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်များနှင့်တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦးယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ဖလှယ်နိုင်မည့်အပြင် အသိပညာဗဟုသုတများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဖြစ်သည့်အတွက် နိုင်ငံတော်ငြိမ်းချမ်းရေး၊ အေးချမ်းသာယာရေးစသည့် ကဏ္ဍများကို ဆွေးနွေးကြရန်နှင့် ပြန်လည်ရောက်ရှိချိန်တွင် လေ့လာဆွေးနွေးခဲ့ရသည့် အကြောင်းအရာများကို အခြားသူများအား ပြန်လည်မျှဝေပေးနိုင်ရေး စနစ်တကျလေ့လာမှတ်သားကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီးက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။  ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်ကိုယ်စားပြု တက်ရောက်မည့် ကြီးကြပ်သူ၊ အုပ်ချုပ်သူများနှင့်လူငယ်ကိုယ်စားလှယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ လူငယ်ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)