မော်လမြိုင် ဇန်နဝါရီ ၉
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ဇန်နဝါရီ (၈) ရက်နေ့တွင် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ခြေ ၅၇ လုံးရှိ မီးဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကျေးရွာနေပြည်သူများ၏ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစားအသောက်၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ လိုလေသေးမရှိစေရေး ကူညီဆောင်ရွက်နိုင်ရန် ယခုကဲ့သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့မှ အတတ်နိုင်ဆုံး ကူညီထောက်ပံ့လျက်ရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ဒေသခံပြည်သူများ၏ လုံခြုံရေး၊ စိုက်ပျိုး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအပြင် သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်နိုင်ရေးတို့ကို ဝိုင်ဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့မှ ထည့်ဝင်လှူဒါန်းငွေကျပ်သိန်း (၉၁၀) ကို ထောက်ပံ့လှူဒါန်းခဲ့ပြီးပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှထောက်ပံ့လှူဒါန်းသည့် အိမ်ထောင်စု တစ်စုလျှင် ၂ သိန်းကျပ်၊ ပြည်သူတစ်ဦးလျှင် ဆန်ဖိုး ၅၀၀၀ ကျပ် နှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပလပ်စတစ်ပုံ (၅၇) ပုံး စုစုပေါင်းငွေကျပ်သိန်း (၁၁၇၂၄၀၉၄၆) ကျပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သိန်း (၃၀) ကျပ်၊ မွန်ပြည်နယ်ကြက်ခြေနီအသင်းမှ ထောက်ပံ့ရေးပစ္စည်းများအား အသီးသီးထောက်ပံ့လှူဒါန်းခဲ့သည်။
ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂျုံးဂျုံးကျတောရကျောင်းတိုက် ဆရာတော်နှင့်ပင့်သံဃာတော် ၅ ပါး တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြား၍ မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ခြေ (၅၇) လုံးရှိ မီးလောင်ပြင်နေရာအား လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် Youth Peace Forum-2026 သို့ မွန်ပြည်နယ် ကိုယ်စားပြုသွားရောက်ကြမည့်လူငယ်များ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ မွန်ပြည်နယ်လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကိုယ်စားလှယ်အဖွဲ့များနှင့် တစ်ဦးချင်း မိတ်ဆက်ပြီး ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ဆွေးနွေးပွဲသို့ တက်ရောက်မည့် မွန်ပြည်နယ် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကိုယ်စားလှယ်အဖွဲ့ ရွေးချယ်ရေးနှင့်စေလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယနေ့ကမ္ဘာပေါ်တွင်လူဦးရေ (၈) ဘီလီယံခန့်ရှိရာ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်းခန့်ဟာ လူငယ်များဖြစ်ကြပြီး လူငယ်များသည် အသက် (၁၅) နှစ်မှ (၃၅) နှစ်ကြားရှိ အရွယ်များဖြစ်ကြောင်း၊အနာဂတ်မှာ ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးသူများ၊ ငြိမ်းချမ်းရေး ဖော်ဆောင်သူများ၊ စွန့်ဦးတီထွင်သူများ၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ပေးနိုင်သောလုပ်သားအင်အားစုများ၊ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် နယ်ပယ်ကဏ္ဍပေါင်းစုံမှာ လူငယ်များဆောင်ရွက်နိုင်မည့် အခွင့်အလမ်းတွေ ဖန်တီးပုံဖော်ပေးခြင်းအားဖြင့် မျိုးဆက်သစ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းနိုင်စေမှာဖြစ်ကြောင်း၊ ယခု မွန်ပြည်နယ်လူငယ်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများအားလုံးက နိုင်ငံတကာအဆင့်၊ နိုင်ငံတော်အဆင့်၊ လူငယ်တွေကို အသိအမှတ်ပြုဂုဏ်ပြုသည့် ဆွေးနွေးပွဲသို့ တက်ရောက်ကြမှာဖြစ်ကြောင်း၊ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် -၂၀၂၆ (Youth Peace Forum-2026) ဆွေးနွေးပွဲသို့ တက်ရောက်ကြမည့် လူငယ်များသည်ရရှိလာမည့်အတွေ့အကြုံနှင့် ဗဟုသုတများကို အခြေခံပြီး ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား ဖန်တီးပုံဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကိုယ်စားလှယ်အဖွဲ့ထံချီးမြှင့်ငွေပေးအပ်ခဲ့ပြီး လူငယ်ကိုယ်စားလှယ်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)