နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၉

နေပြည်တော်ကောင်စီ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲကို ယမန်နေ့က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီရုံး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်၊ ခရိုင်/မြို့နယ် အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများသည် ဌာနရည်မှန်းချက်တာဝန်များ အောင်မြင်စေရန်၊ လုပ်ငန်းတာဝန်များအပေါ် တာဝန်ကျေပွန်မှု၊ စည်းကမ်းရှိရှိ၊ သစ္စာရှိရှိ စိတ်ဝင်တစား လုပ်ဆောင်နေမှုများကို အသိအမှတ်ပြုအလေးထားပါကြောင်း၊ ယခုလို လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲကျင်းပခြင်းဖြင့် ဝန်ထမ်းများ၏ ရင်းနှီးမှုပိုမိုတိုးတက်လာ‌စေမည့်အပြင် ပြည်သူလူထုလိုအပ်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမို ကြိုးစားဆောင်ရွက်ရမှာဖြစ်‌ကြောင်း၊ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ညီညီညွတ်ညွတ် ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိသားစုသဖွယ် နေ့လယ်စာ အတူသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)