မော်လမြိုင် ဇန်နဝါရီ ၉
မြန်မာနိုင်ငံရှိ ပြည်သူလူထုအခြေပြုစာကြည့်တိုက်များ ရေရှည်တည်တံ့ရှင်သန်စေရန်နှင့် အရည်အသွေးပြည့်မီသော စာကြည့်တိုက်ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် စာကြည့်တိုက်မှူးများအား လစဉ်လစာထောက်ပံ့ကြေးပေးအပ်နိုင်ရန်၊ စာဖတ်သူဦးရေနှင့် စာအုပ်များ ပိုမိုတိုးတက်လာစေရန်အတွက် တွန်းအားပေးနိုင်ရန်ရည်ရွယ်ချက်၍ ဓမ္မဇာလ ကျောင်းတော်မှကြီးမှူး ကျင်းပပြုလုပ်သော ပြည်နယ်အတွင်း စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ပြည်နယ်စာကြည့်တိုက် ဖောင်ဒေရှင်းဥက္ကဋ္ဌနှင့်အလှူရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာအခမ်းအနားတွင် မဟာမြိုင်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသမှ ဩဝါဒစကားမြွက်ကြားပြီး ဓမ္မဇာလကျောင်းတော်အတွက် အလှူရှင်များက အလှူငွေ ကျပ်သိန်း (၇ဝ) အားလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ အလှူငွေ (၅) သိန်းကျပ်အားလည်ကောင်း ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့သည်။
ထို့နောက်မဟာမြိုင်ပရိယတ္တိစာသင်တိုက် သင်တန်းမှူးဆရာတော်ဘဒ္ဒန္တဇောတိသာရက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ မြွက်ကြားပြီး စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါဓမ္မဇာလကျောင်းတော်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးဖြင့် ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)