သထုံ ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ထူးချွန်ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဦးစွာ ကျောင်းသား/ကျောင်းသူများက တို့ကျောင်းကိုလာ သီချင်းဖြင့် ဖွင့်လှစ်ဖျော်ဖြေကြပြီး အုပ်စုမှူး ကျောက်တန်းအခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းက အမှာစကားပြောကြားသည်။
ယင်းနောက် အခြေခံပညာမူလတန်းလွန်ကျောင်း အကျိုးတော်ဆောင် ရပ်မိရပ်ဖတစ်ဦးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိမင်းဦးတို့က ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူတို့က KG မှ Grade-8 အထိ ပညာရည် ထူးချွန်ဆု၊ အားကစားထူးချွန်ဆုနှင့် ကျောင်းဂုဏ်ဆောင် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ပြိုင်ပွဲအသီးသီးတို့မှ ဆုရကျောင်းသား/ကျောင်းသူတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြကာ ကျောင်းအုပ်ဆရာမကြီးက ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးကြသူတို့အား ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။
အဆိုပါ ထူးချွန်ဆုချီးမြှင့်ပွဲသို့ ပညာရေးဌာနမှတာဝန်ရှိသူများ ဆရာ/ဆရာမများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)