ကန့်ဘလူ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကျောက်စိမ်းဖရဲသီး(ဟီရာ)ခင်းများ အောင်မြင်ဖြစ်ထွန်းကာ မကြာမီခူးဆွတ်ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။
အဆိုပါ ကျောက်စိမ်းဖရဲသီး(ဟီရာ)များကို စိုက်ပျိုးရာတွင် ပင်ကြား၊ တန်းကြား ၃ ပေ၊ ၉ ပေ စိုက်ပျိုးရပြီး ကျင်းဖော်နောက်ချေးထည့်၍ အစေ့ထည့်စိုက်ကာ ရေလောင်းပေးရသည်။ ၁၅ ရက် သား အရောက်တွင် ပင်ချေရင်း၌ မြေတူးဆွပေးရသည်။ တစ်လသားအရွယ်တွင် မြေဩဇာအဖြစ် အာမိုဓာတ်မြေဩဇာကို ၁၅ ရက်တစ်ကြိမ်ကျွေးရပြီး သီးနှံဖူးပွင့်ချိန်တွင် ရွက်ဖျန်းအားဆေးဖျန်းပေးရကြောင်းနှင့် မှိုရောဂါ၊ ခါးရိရောဂါမကျရောက်စေရေးအတွက် စောင့်ကြည့်စစ်ဆေးရကြောင်း သိရသည်။ ယခုစိုက်ပျိုးထားသော ကျောက်စိမ်းဖရဲသီးများမှာ နောက်ရက် ၂၀ ခန့်တွင် ခူးဆွတ်ရောင်းချနိုင်မည်ဖြစ်သည်။ ဖရဲမျိုးများအနေဖြင့် ဟီရာ၊ ဟီရိုး၊ ကလေးဖရဲ၊ ၂၁၁(အိန္ဒိယမျိုး)မျိုးများရှိရာတွင် ကန့်ဘလူဒေသတွင်မူ ဟီရာမျိုးနှင့်၂၁၁ မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။
တစ်ဧကကုန်ကျစရိတ်အနေဖြင့် မြေ၊ မျိုး၊ ပိုး၊ မြေဩဇာ၊ လုပ်အားခ စုစုပေါင်းကျပ် ၅ သိန်း၊ ၆ သိန်းခန့် ကုန်ကျကြောင်း၊ ကျောက်စိမ်းဖရဲသီး တစ်လုံးလျှင် အလုံးအကြီးအသေးပေါ်မူတည်၍ ကျပ် ၃၀၀၀ မှ ၇၀၀၀ ခန့်ရောင်းချနိုင်ပြီး ဒေသခံတောင်သူများသည် ရပ်ကွက်အတွင်းနှင့် မြို့မစျေးတို့ တွင် ကိုယ်တိုင်ရောင်းချကြသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်နှစ်ပတ်လုံး စီးပွားဖြစ်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်အဖြစ်လည်းကောင်း မိသားစုဝင်ငွေရရှိရေးအတွက် နေအိမ်ခြံဝန်းမြေကွက်လပ်များနှင့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးလုပ်ကိုင်ကြကာ ထွက်ရှိလာသောသီးနှံများကို ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)